ကျွှန်တော်ငယ်ငယ်က
ငှက်တွေနဲ့ပတ်သက်ပြီး အံသြဖွယ် အဖြစ်အပျက်တစ်ခုနဲ့တွေ့ကြုံဖူးပါတယ်။ အဲဒီအဖြစ်အပျက်ဟာ
ကျွှန်တော်ငယ်စဉ် ခုနှစ်တန်းကျောင်းသားဘ၀က ဖြစ်ခဲ့ပေမဲ့ အခုကျွှန်တော် အသက်၄၀ နီးပါးရှိနေတဲ့တိုင်အောင်
လိုချင်တဲ့ အဖြေတစ်ခုကို ကျွှန်တော်ရှာမတွေ့သေးပါဘူး။ အဖြစ်အပျက်ကဒီလိုပါ။ ကျွှန်တော်တို့အိမ်က
နှစ်ထပ်အိမ်ဖြစ်ပြီး အိမ်ရှေ့မှာ မြေကွက်လပ် ကျယ်ကျယ်နှင့် အုပ်အုပ်ဆိုင်းဆိုင်း ခရေပင်တစ်ပင်ရှိပါတယ်။
ကျွှန်တော်တို့နေတဲ့ရပ်ကွက်က ရန်ကုန်မြို့ အစွန် ဆင်ခြေဖုံးရပ်ကွက် တစ်ခုဖြစ်တဲ့အတွက်
သစ်ပင်သစ်တောထူထပ်ပါတယ်။ အချိန်က မိုးဦးကျစကာလဖြစ်ပါတယ်။
သေက်ကြာနေ့ ညနေကတည်းကစရွာတဲ့မိုးဟာ
စနေနေ့အာရုံတက်မှာ လေနဲ့မိုးနဲ့ အကြီးအကျယ် တိုက်ခတ်ခဲ့ပါတယ်။ မနက်မိုးလင်းကျွှန်တော်အိတ်ရာထတော့
အိမ်ရှေ့ ခရေပင်အောက်မှာ ငှက်ကလေးတစ်ကောင် လှုပ်လှုပ် လှုပ်လှုပ်နဲ့ မပျံနိုင်ဖြစ်နေတာကို
တွေ့ရပါတယ်။ ကျွှန်တော်ချက်ချင်းပဲပြေးသွားပြီး ဖမ်းမယ်လုပ်တော့ သူကနှုပ်သီးနဲ့ဆိတ်တယ်။
သူ့ခြေသည်းတွေကလည်း ကောင်းမှကောင်းဆိုတော့ ဖမ်းမရဖြစ်နေပါတယ်။ တစ်ကိုယ်လုံးရဲ့ အမွေးတွေကလည်း
ရေတွေစိုလို့ပေါ့။ ဖမ်းမရဖြစ်နေတော့ ကျွှန်တော် အဖေ့ကို လှမ်းအော်ပြီးအကူအညီတောင်းပါတယ်။
အဖေကရောက်လာပြီး ''ဒါစွန်ငှက်ပေါက်စလေးသားရဲ့။ သူမပျံတတ်သေးဘူး။ အတောင်မစုံသေးလို့။
ညက မိုးနဲ့လေနဲ့တိုက်တော့ သူ့အသိုက်ကနေ လွင့်လာတာဖြစ်မယ်'' ဟုဆိုကာ တောင်းလေးတစ်ခုထဲကို
ဖမ်းပြီးကောက် ထည့်ပေးပါတယ်။ မပျံနိုင်သေးတဲ့အရွယ်မှာတောင် လက်သီးဆုပ်အရွယ်လောက်ရှိပါတယ်။
စွန်ငှက်ဆိုတာ သိလိုက်ရတော့ ကျွှန်တော် တော်တော်ပျော်သွားပါတယ်။ ရုပ်ရှင်တွေ ထဲကလိုစွန်ငှက်ကို ငယ်စဉ်ကတည်းက
ယဉ်အောင်မွေးပြီး ပုခုံးပေါ်မှာ နေတတ်အောင်လေ့ကျင့်ပေးမယ်။ အမဲလိုက်မယ်။ ကျွှန်တော်သွားလေရာကို
သူကကောင်းကင်ပေါ်က ပျံပြီးလိုက်မယ်။ ကျွှန်တော့်ကို အနိုင်ကျင့်တဲ့သူကို သူကပြန်ပြီးခုခံကာကွယ်မယ်စသည်ဖြင့်ပေါ့ ကိုယ်အတွေးနဲ့ကိုယ် အရမ်းကိုပျော်နေပါတော့တယ်။ ငှက်အတွက်ငှက်လှောင်အိမ်မရှိတော့
အမေ့ဆီက ကြိမ်ဆွဲခြင်းအကြီးတစ်လုံးတောင်းကိုယူပြီး အပေါ်ပိုင်းကိုနှီးများဖြင့်ပိတ်ကာ
သူ့ကိုထည့်ပြီး ခရေပင်အောက်က ကိုင်းတစ်ခုမှာတွဲထားပေးပါတယ်။ သူကတစ်ချိန်လုံး အော်နေပါတယ်။
ကျွှန်တော်လည်းဗိုက်ဆာလိုဖြစ်မယ်ထင်ပြီး ထမင်းစေ့တွေခွက်နဲ့ထည့်ပြီး စကျွှေးကြည့်ပါတယ်။
မစားပါဘူး။ ဆန်စေ့နဲ့ ဆန်ခွဲတွေကို ထပ်ကျွေးပြန်ပါတယ်။ မစားဘူး။ စပါးစေ့တွေထပ်ကျွေးကြည့်ပါတယ်။
မထူးပါဘူး။ ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေပါတော့တယ်။ သူကလည်းမရပ်မနားအော်နေပါတော့တယ်။
ဘာကြောင့်အော်နေသလဲမေးဖို့ အဖေကလည်းမရှိတော့ အခက်တွေ့နေပါတော့တယ်။ အဖေက အလုပ်ကိစ္စနဲ့
ခရီးထွက်သွားပါတယ်။ အမေ့ကိုမေးတော့ သူတို့ကအသားစားငှက်တွေ သားရဲ့ ဆန်တို့ ဆန်ကွဲတို့ကိုမစားဘူး
အသားတွေကိုပဲစားတာလိုပြောတော့ ဒါလည်းဟုတ်တာပဲလိုစဉ်းစားမိပြီး အမေဈေးက၀ယ်လာတဲ့ ပုစွန်လေးတွေကို
သေးသေးလေး စားနိုင်အောင် နုတ်နုတ်စဉ်းပြီး ကျွေးပါတယ်။ လှည့်တောင်မကြည့်ပါဘူး။ ကျွန်တော်ဆက်ပြီးဘာလုပ်ရမှန်းမသိဖြစ်နေပါတယ်၊ သူတစ်နေ့လုံးအော်ပါတယ်။
ကျွှန်တော်တ်ာတော်စိတ်မကောင်းဖြစ်ရပါတယ်။ ဖမ်းထား လို့များအော်တာလားဆိုပြီး ဆွဲခြင်းကိုဖွင့်ပြီး
လွှတ်ပေးပါတယ်။ မပျံပါဘူး။ ပျံလည်းမပျံနိုင်သေးပါဘူး။ ဘယ်မှလည်းမသွားတတ်ဘူး။ အော်ပဲအော်နေပါတယ်။
အဲလိုနဲ့ပဲ ညနေငါးနာရီလောက်မှာ နှံပြီစုတ်ငှက်တစ်ကောင် တစာစာအော်ပြီး ရောက်လာပါတော့တယ်။
ကြိမ်ဆွဲခြင်းပတ်ချာလည်မှာနားပြီး သူအော်ကိုယ်အော် အော်ကြပါတယ်။ ကျွှန်တော်က တစ်နေ့လုံး
ဒီစွန်ပေါက်စလေးကို ထိုင်ကြည့်လေ့လာနေတဲ့သူဆိုတော့ ဘာဆက်ဖြစ်မလဲ စောင့်ကြည့်နေပါတယ်။
နှံပြီစုတ်ငှက်က ရောက်လာပြီး တအောင့်လောက် အနားမှာအော်ပြီး ပျံသွားပါတော့တယ်။ ခဏနေကြာတော့
ပါးစပ်မှာပိုးစိမ်းကောင် (ဘောက်ဖက်) လေးတစ်ကောင်ကိုက်ပြီးပြန်ရောက်လာပါတယ်။ ကျွန်တော်သေချာ
ကြည့်နေပါတယ်သူဘာဆက်လုပ်မလဲဆိုတာကို။ သူအဲဒီဘောက်ဖက်လေးကို စွန်ပေါက်လေးကို သူခွံ့ကျွေးပါတယ်။
စွန်ပေါက်လေးကလည်းပိုးကောင်လေးစားပြီး အော်တာနဲနဲရပ်သွားပါတယ်။ အဲနေ့ညနေက သူနှစ်ခါတိတိလာပြီး
ပိုးကောင်လေးနှစ်ကောင်လာကျွေးပါတယ်။ စွန်ပေါက်လေးလည်း အော်တာသိသိသာသာ နည်းသွားပါတယ်။
ကျွန်တော်လည်း နားမလည်နိုင်တဲ့မေးခွန်းများစွာကို စဉ်းစားရင်းအိပ်ရာဝင်ခဲ့ပါတယ်။ နောက်နေ့မနက်
စောစောကတည်းက ကျွှန်တော်အိပ်ရာထသလို နှံပြီစုတ်ငှက်ကလည်း စောစောကတည်းက ပါးစပ်မှာပိုးကောင်လေးတစ်ကောင်နဲ့ရောက်လာပါတယ်။
စွန်ပေါက်ကိုလာကျွေးတာပါ။ တစ်နေ့လုံး လာကျွေးပါတယ်။ စွန်ပေါက်လေးလည်း ဒုတိယနေ့မှာတော်တော်လန်းဆန်းလာပါတယ်။
တနင်္လာနေ့ ကျွန်တော်ကျောင်းတက်ရပါတယ်။ စိတ်ထဲ မတက်ချင်ပါဘူး။ စိတ်ကတစ်နေ့လုံး ငှက်ဆီကိုပဲရောက်နေပါတယ်။
ညနေပြန်ရောက်တော့ ငှက်ကလေးနဲ့ နှံပြီစုတ်ငှက်အကြောင်းကို အမေ့ကိုမေးပါတယ်။ အမေလည်းအံသြစွာနဲ့ပြောပြပါတယ်။
''သူတစ်နေ့လုံး လာပြီး အစာလာကျွေး တာတွေ့တာပဲ။ သားကျွေးတဲ့အစာက သူမစားတဲ့အစာတွေလေ။
သူတို့က အသားစားငှက်ဆိုတော့ ပိုးကောင်မွှားကောင်တွေကိုပဲ စားတာပေါ့။ ဆန်တို့ ဆန်ကွဲတို့ကိုမစားဘူးလေ။''
အင်္ဂါနေ့မှာ လည်း ထိုနည်းတူစွာပဲ အစာလာကျွေးတယ်ပြောပါတယ်။ ကျွန်တော်ကျောင်းကပြန်တော့
သုံးနာရီခွဲပါ။ ကျွန်တော်ပြန်လာပြီးမှ နှံပြီစုတ်ငှက်က အစာနဲ့တစ်ခါ အစာမပါပဲတစ်ခါလာပါသေးတယ်။
ဗုဒ္ဓဟူးနေ့ ကျွန်တော်ကျောင်းမတက်ရပါဘူး။ အမေက ကျွန်တော့်ကိုပြောလာပါတယ်။ စွန်ပေါက်လေးကို
နှံပြီစုတ်ငှက်က အပျံသင်နေပြီဆိုပြီးပြောလာပါတယ်။ ကြိမ်ဆွဲခြင်းထဲမှာ တောင်ပံ့ တစ်ဖြန့်ဖြန့်နဲ့
စွန်ပေါက်လေးက ပျံဖိုလုပ်တတ်နေပါပြီ။ အမေကဆက်ပြောပါတယ် သူ့သဘာဝအတိုင်း လွပ်လွပ်လပ်လပ်
သွားပါစေ။ တရိစ္ဆာန်ဆိုတာ သဘာဝအတိုင်းပဲပျော်တယ်။ ပျံတတ်ရင်လွှပ်ပေးလိုက်ပါသားရယ်။ ၀တ်လိုက်တတ်တယ်
ဆိုပြီးပြောလာပါတယ်။ ကျွှန်တော့်စွန်ပေါက်လေးက လေးငါးရက်မှာ တော်တော်လေး ကြည့်ကောင်းပြီး
လှလာပါတယ်။ ကျွန်တော်ပြန်လွှပ်ရမှာနှမျောနေပါတယ်။ သူမအော်တော့ပါဘူး။ လူကိုသူနဲနဲယဉ်နေပါပြီ။
ဒီလိုနဲ့ကြာသပတေးနေ့ မနက်ပိုင်းမှာ နှံပြီစုတ်ငှက်ကလည်း ထုံးစံအတိုင်းအစာလာကျွေးပါတယ်။
နှံပြီစုတ်ငှက်လည်း ရှိနေတဲ့အတွက် ကျွန်တော့်မေမေစကားကို နားထောင်ပြီး သူ့ကိုဆွဲခြင်းထဲက
ထွတ်နိုင်အောင် ဆွဲခြင်းကိုဖွင့်ပေးလိုက်ပြီး ဘာဆက်ဖြစ်မလဲ အိမ်ပေါ်ကကြည့်နေလိုက်ပါတယ်။
ကျွန်တော်နဲ့မေမေ စောင့်ကြည့်နေစဉ်မှာပဲ နှံပြီစုတ်ငှက်ကလေးက ဆွဲခြင်းနားကိုရောက်လာလိုက်
အနီးအနားသစ်ပင်ကိုပျံသွားလိုက် ခရေပင်ပေါ်ကို ပျံတက်လိုက် လုပ်နေပါတယ်။ စွန်ပေါက်လေးကလည်း
တစာစာအော်လိုက်နဲ့ နောက်ဆုံး ကြိမ်ခြင်းထဲက ပျံပြီးခုန်ထွက်လာပါတယ်။ သူပျံဖို့ကြိုးစားနေပါတယ်။
နောက်ဆုံး ကြိမ်ခြင်းထဲကနေ ထပျံလိုက်တာ ခြံနားက ပုံနရိပ်ပင်ပေါ်ကိုရောက်သွားပါတော့တယ်။
နောက်တစ်ကြိမ်ထပ်ပျံတော့ ခရေပင်ပေါ်ကို ပြန်ရောက်သွားပြန်ပါတယ်။ သူပျံနေတာကို ကျွန်တော်၊
မေမေနဲ့ နှံပြီစုတ်ငှက်ကလေးက စောင့်ကြည့်နေပါတယ်။ ခရေပင်ပေါ်ကနေ နောက်တစ်ခေါက်ပျံတော့
ကျွန်တော်တို့ခြံ အပြင်ဘက်က သစ်ပင်တွေဆီကိုရောက်သွားပါတော့တယ်။ နှံပြီစုတ်ငှက်ကလေးလဲ
စွန်ပေါက်လေးနောက်ကိုပျံပြီး လိုက်သွားပါတော့တယ်။ ကျွှန်တော် သူအဆင်ပြေ မပြေလိုက်ကြည့်ပါသေးတယ်။
နောက်တစ်ခါထပ်ပျံတော့ အတော်ဝေးဝေးကိုပျံပါတယ် လိုက်ဖိုမဖြစ်နိုင်တော့ပါဘူး။ ကျွန်တော်လည်း
သူကိုစိတ်ချသွားပါတယ်။ နှံပြီစုတ်ငှက်ကလေးကလည်း နောက်ကလိုက်သွားလို့ပိုပြီးစိတ်ချသွားတာပါ။
နှံပြီစုတ်ငှက်တွေရဲ့
အလေ့အထစရိုက်ကို ကျွှန်တော်လည်း အသေအချာမသိပါဘူး။ အမျိုးမတူတဲ့ တရိစ္ဆာန်တစ်ကောင်နဲ့
တစ်ကောင်ဆက်သွယ်မှုတွေဟာ ကျွန်တော်တို့သာမန်လူတွေ မသိနားမလည်နိုင်လောက်အောင် နက်နဲမှုနဲ့
အံသြစရာများရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒုက္ခရောက်နေတဲ့၊ ကိုယ်နဲ့ လုံးလုံးအမျိုးမတူတဲ့
စွန်ရဲငှက်ပေါက်စလေးကို ၆ ရက်တိုင်တိုင် အစာရှာကျွေးပြီးပြုစုစောင့်ရှောက်ပြီး အပျံသင်ပေးခဲ့တဲ့
နှံပြီစုတ်ငှက်ကလေးရဲ့ စိတ်ဓတ်ကိုတော့ မချီးကျူးပဲမနေနိုင်ပါဘူး။ တရိစ္ဆာန်ပင်ဖြစ်လင့်ကစား
လေးစားဖွယ်ကောင်းတဲ့ မိခင်မေတ္တာစိတ်ကို အဲဒီ နှံပြီစုတ်ငှက်ကလေးထံမှာ သွားတွေ့ရတာ အံသြစရာတစ်ခုပါ။
အရင်ကတော့ နှံပြီစုတ်ငှက်ကိုတွေ့ရင် အရမ်းသေးကွေးပြီး ငြိမ်ငြိမ်ကိုမနေတဲ့ငှက် ခုန်ဆွခုန်ဆွနဲ့ဂဏာမငြိမ်တဲ့ငှက်လို့ပဲ
ကျွန်တော့် အမြင်မှာရှိပါတယ်။ အဲဒီအဖြစ်အပျက်ကို ကိုယ်တိုင်တွေ့ခဲ့ရပြီးနောက်မှာ နှံပြီစုတ်ငှက်ကို
ဂုရုနာရှင် ငှက်အဖြစ်နဲ့ ပြောင်းလဲပြီးမြင်တတ်လာခဲ့ပါတယ်။ စိတ်ဝင်တစားနဲ့လေ့လာမိတယ်။
သူဆီက သင်ကြားလို့ရလာတဲ့ သင်ခန်းစာရဲ့နောက်ဆက်တွဲ တစ်ခုအဖြစ် ကျွန်တော့်ရှေ့ မှာ ဘယ်ပိုးကောင်
ဘယ်သတ္တ၀ါမဆို ဒုက္ခရောက်နေတာကိုတွေ့ရင် ကျွန်တော်ကယ်တင်ပါတယ်။ ရေတွင်းထဲခြေချော် ကျသွားတဲ့ခွေးကလေးနှစ်ကောင်
ခွေးမကြီးတစ်ကောင်၊ ဘယ်မှာမဆို ပိုးကောင်မွှားကောင်တွေ ပုရွက်စိတ်အဆုံး ကျွှန်တော့်ရှေ့
မှာ ရေနစ်နေတာ ဒုက္ခရောက်နေတာတွေ့ရင် ကျွန်တော် အမြဲကယ်တင်ပါတယ်။ အဲလိုကယ်တင်ရတာကိုလည်း
အရမ်းကိုကျေနပ်မိသလို ပီတိဖြစ်ရပါတယ်။ အဲဒီနှံပြီစုတ်ငှက်ကလေးရဲ့ အကူအညီလိုသူ ဒုက္ခရောက်နေသူ
အပေါ်ထားတဲ့မေတ္တာစိတ်၊ စာနာမှု၊ အားထုပ်မှုတွေကိုလည်း ကျွန်တော်အမြဲအမှတ်ရနေပါတယ်။
winnnet
No comments:
Post a Comment